စစ်တွေ ဒီဇင်ဘာ ၂၂
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနိုင်ရန်အတွက် လိုအပ်သောစိစစ်မှုများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန် ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့်စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်း များကိုဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းအစားဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရုံးဖွင့်ရက်များ၌ နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ပေးအပ်ချီးမြှင့်ခြင်းများကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသော ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း (၁)၊ ကျောက်တန်း (၂) ရေလှောင်တမံတည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးလျော်မည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ကျင်းပသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း(၁)၊ (၂) ရေလှောင်တမံ တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေ ၃၅ ဒသမ ၄၂ ဧက၊ ဥယျာဉ်မြေ ၉၀ ဒသမ ၁၈ ဧက၊ စုစုပေါင်းဧရိယာ ၁၂၅ ဒသမ ၆၀ ဧက၊ တောင်သူပေါင်း ၅၅ ဦးအတွက် လျော်ကြေး၊ နစ်နာကြေးပေးလျော်နိုင်ရေးနှင့် လျော်ကြေး၊ နစ်နာကြေးပေးလျော်ပြီးပါက ရေလှောင်တမံစီမံကိန်းအား ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ကျောက်တန်း(၁)၊(၂) ဧရိယအတွင်း ပါဝင်သည့် တောင်သူပေါင်း ၅၅ ဦးအတွက် လျော်ကြေး၊ နစ်နာကြေးကို ကျောက်ဖြူခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပုံစံ(၁၂)ဖြင့် စိစစ်ပြီးတွက်ချက် တင်ပြခဲ့မှုအား ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြခဲ့မှုအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ လျာထားပြီး ဖြစ်ကြောင်း၊ တောင်သူများကို လျော်ကြေး၊ နစ်နာကြေးပေးလျော် ပြီးပါက ရေလှောင်တမံ ဆက်လက်တည်ဆောက်မည့် အခြေအနေတို့ကို သက်ဆိုင်ရာ ပြည်နယ်ဦးစီးမှူးများက ရှင်းလင်းတင်ပြပေးကြရန်နှင့် တက်ရောက်လာကြသူများကလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးက ကျောက်တန်း (၁)၊ ကျောက်တန်း (၂) ရေလှောင်တမံတည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ မြေယာလျာ်ကြေး၊ နစ်နာကြေးပေးလျော်မည့် အစီအစဉ်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပါအဝင် ဆွေးနွေးပြောကြား သည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျောက်တန်း (၁)၊ ကျောက်တန်း (၂) ရေလှောင်တမံ ဧရိယာအတွင်းပါဝင်သည့် တောင်သူများအား မြေယာလျော်ကြေး နစ်နာကြေး ပေးလျော်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံစီမံကိန်း တည်ဆောက်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့်ကျောက်ဖြူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က
ကျောက်တန်း (၁)၊ ကျောက်တန်း (၂) ရေလှောင်တမံတည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် နစ်နာကြေး၊ လျော်ကြေးပေးလျော်မည့် အစီအစဉ်နှင့် ရေလှောင်တမံ တည်ဆောက်မည့်အစီအမံများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)