မရမ်းကုန်းမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိ

မရမ်းကုန်း ဒီဇင်ဘာ ၂၂

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (ပထမပိုင်း) ကို ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ မရမ်းကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ရပ်ကကွက်အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများထံအရောက် အခမဲ့ဖြန့်ဝေခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့ စသည့်ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်ရှိ ဗဟိုလမ်း၊ ဦးဘဟန်လမ်းသွယ်နှင့် မုဒိတာအိမ်ယာ (သမိုင်း) တို့တွင်လည်းကောင်း၊ အမှတ် (၂) ရပ်ကွက် တပင်ရွှေထီးလမ်းမတွင်လည်းကောင်း စသည်ဖြင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်ဆက်)