တံတားဦး ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က တံတားဦးမြို့ ပြည်သူ့အားကစားပြိုင်ကွင်း၌ ကျင်းပကြောင်း သိရသည်။
ကွင်းဖွင့်ပွဲအခမ်းအနားတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းအား အားကစားသမားများက အလေးပြုကြ၍ စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားအဓိဌာန ရွတ်ဆိုကြသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက်ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲအဖြစ် ပညာရေးအသင်းနှင့် ကျန်းမာရေးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကွင်းအတွင်း ဘောလုံကန်၍ ဖွင့်လှစ်ပေးသည်။
တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၆ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပေါင်းစုံ(၇)မျိုး ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါအားကစားများမှာ ဌာနပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ အမျိုးသမီး ထုပ်ဆီးတိုး ပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ကျောင်းပေါင်းစုံ ကြက်တောင်ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့် (ပြန်/ဆက်)