ကျောက်ဆည်မြို့၌ သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးဈေးနှုန်းမြှင့်တက်လာသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

ကျောက်ဆည် ဒီဇင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်က နှစ်တင်းခွဲအိတ်တစ်လုံးအား ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ငွေ (၅၅၀၀၀) ကျပ်ဖြင့် အသီးဈေးနှုန်းမြှင့်တက်ရောင်းချရသဖြင့် သံပုယိုစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရသည်။

သံပုယိုသီးနှံစိုက်ပျိုးမည်ဆိုပါက ပင်ခြား၊ တန်းခြား ၅ ပေ မှ ၈ ပေ အကွာ စိုက်ပျိုးမှသာ ကိုင်းဖျာထွက်မှုကောင်းစေခြင်းနှင့် လိုအပ်သည့်အချိန်များတွင် ဆေးဖျန်းခြင်း၊ အာမိုမြေဩဇာကျွေးခြင်း၊ ရေသွင်းပေးခြင်း၊ ပေါင်းမြက်နှင့် မလိုအပ်သည့် ကိုင်းများကို ရှင်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီးအထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း၊  စိုက်ပျိုးသူအများစုသည် စိုက်ပျိုးပြီး(၈)လ အရွယ်တွင် အပွင့်များ စတင်ပွင့်ပြီး (၁) နှစ်အကြာတွင် အသီးများ စတင်ခူးဆွတ်ရောင်းချရသည့် ကိုင်းကူးပျိုးပင်များ ပို၍စိုက်ပျိုးကြကြောင်း သိရသည်။

သံပုယိုသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပြီး မြေနုကျွန်းများနှင့် နုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ် ရေသွင်းပေးရပြီး အပင်အပြုအစု ကောင်းပါက တစ်နှစ်ပတ်လုံး အဖူး၊ အပွင့်၊ အသီးများဖြင့် ပြည့်စုံပြီး နေ့စဉ်နီးပါး လက်လီခူးဆွတ်ရောင်းချနိုင်ကြောင်းနှင့်   သံပုယိုသီးနှံတစ်ဧကစိုက်ပျိုးထားပါက ပွဲရုံသွင်းဈေးအနေဖြင့် သုံးတင်းခွဲအိတ်တစ်လုံးအား ငွေ (၅၅၀၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)