ချမ်းမြသာစည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ် တိုက်ဆိုင်စစ်ဆေး

ချမ်းမြသာစည် ဒီဇင်ဘာ ၂၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ဒါနဟိတဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့်ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲဆန္ဒရှင်စာရင်းတတိယအကြိမ်ကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များပူးပေါင်း၍  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ e-ID Sever ဖြင့် တိုက်ဆိုင်စစ်ဆေးလျက်ရှိသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်​ဇော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇံဖြူ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်နှင့်အဖွဲ့ဝင်တို့က ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)