နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

နမ့်စန်(တ) ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် (၁၈) နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်”အသိပညာပေးလက်ကမ်းစာစောင်များနှင့် မြန်မာဘာသာနှင့် တိုင်းရင်းသားဘာသာများဖြင့် ရိုက်နှိပ်ထားသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုမဲပေးနည်းနှင့် မဲပေးခြင်းလုပ်ငန်း အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၁ နာရီက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ လူစည်ကားရာနေရာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြန့်ဝေခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် စုစုပေါင်း (၅၀၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းအောင်(ပြန်/ဆက်)