မိုင်းရယ် ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများကို နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်ပေးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက လုံလိုင်းကျေးရွာအုပ်စု၊ မိုင်းဟိန်းကျေးရွာအုပ်စု၊ မိုင်းဟမန်မုံကျေးရွာအုပ်စု၊ ဟိုဆိုင်းကျေးရွာအုပ်စုနှင့် မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တို့တွင် အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)တွင်ပါရှိပြီး အသက်(၁၈)နှစ်ပြည့်၍ မှတ်ပုံတင် မပြုလုပ်ရသေးသည့်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်၊ မိတ္တူများ ပြုလုပ်ပေးခြင်းများကို ဒေသခံပြည်သူ စုစုပေါင်း(၂၀၆)ဦးအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းရယ်မြို့နယ်ရုံးအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မြို့နယ်အတွင်းရှိ ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ လဲလှယ်၊ မိတ္တူများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)