နေပြည်တော် နိုဝင်လာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သမိုင်းဝင် ဘုရားကိုးဆူစေတီတော်မြတ်အား (စတုတ္ထ)အကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားအနေကဇာတင် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားသို့ နေပြည်တော် တိုင်းသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကိတ္တိသာရ(စာချ၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တစာသင်တိုက်၊ ပျဉ်းမနားမြို့)၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုသလတို့အမှူးပြုသော သံဃာတော်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့်ဌာနဆိုင်ရာများ၊ ဘုရားကိုးဆူဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော်သံဃာတော်များက ဘုရားအနေကဇာတင်လှူပူဇော်ခဲ့ပြီး အခမ်းအနားကိုဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များထံမှ တက်ရောက်လာကြသူများမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များချီးမြှင့်ပေးခြင်းဆောင်ရွက်ခဲ့ပြီး ဆရာတော်များထံ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်များဆက်ကပ်ခဲ့ကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြောင်း၊ ဆရာတော်များထံ ဘုရားကိုးဆူဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်တင်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တ ကုသလထံမှ ရေစက်ချတရားနာယူခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အားကစားကွင်း၌ (၇၈)ကြိမ်မြောက် လွတ်လပ်ရေးနေ့အကြို အမျိုသားဘောလုံးပြိုင်ပွဲ အ.ထ.က (၁)နှင့် အ.ထ.က (၂)အသင်း တို့ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အ.ထ.က (၂)မှ အ.ထ.က (၁) အသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် နေပြည်တော်အားကစားရုံ၌ ၂၀၂၅-ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလီဘောပြိုင်ပွဲ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ပြိုင်ပွဲများတွင် အမျိုးသားဘောလီဘောပြိုင်ပွဲတွင် ဥတ္တရသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဥတ္တရသီရိမြို့နယ်အသင်းမှ ဇမ္ဗူသီရိမြို့နယ်အသင်းကို သုံးပွဲ နှစ်ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် ဇေယျာသီရိမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားရာ ဇေယျာသီရိမြို့နယ် အသင်းမှ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နေပြည်တော် ဘောလီဘောဆပ်ကော်မတီမှ ထောက်ပံ့ငွေကို တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)