ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော် မြစ်သားမြို့နယ်၌ မဲရုံများပြင်ဆင်ထားမှု ကိုကြည့်ရှုအားပေး

မြစ်သား ဒီဇင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်သည် ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်သားမြို့သို့ရောက်ရှိပြီး  မဲရုံများပြင်ဆင်ထားမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်‌ကျော်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်မွန်ဖိုးနှင့်ဝန်ထမ်းများ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား တွေ့ဆုံ၍ မြို့နယ်အတွင်းဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ မဲဆန္ဒရှင်စာရင်းများထဲတွင် သေဆုံးသူများပါဝင်နေခြင်းရှိ/မရှိ၊ အသက် ၁၀၀နှင့် အထက်ရှိနေသူများအားမြေပြင်တွင် အမှန်တကယ်နေထိုင်မှုရှိ/မရှိတို့ကို  ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များဖြင့်စစ်ဆေးပေးရန်နှင့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရန်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့ကို ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်နှင့်အဖွဲ့သည် မြစ်သားမြို့ ရွှေသူဌေးရပ်ကွက်အတွင်းရှိ အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)