ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ပုဂံ-ညောင်ဦး လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များအား ကြည့်ရှုစစ်ဆေး

ညောင်ဦး ဒီဇင်ဘာ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးလေဆိပ်သို့ရောက်ရှိခဲ့ကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများကကြိုဆိုပြီး ပုဂံ-ညောင်ဦးလေဆိပ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အဆင့်လိုက်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အဆင့်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် လေယာဉ်ပြေးလမ်းဘေးနှစ်ဖက်သို့ ၂၅ ပေစီတိုးချဲ့ခြင်း၊ တိုးချဲ့ပြီးလေယာဉ်ပြေးလမ်းနှင့် မူလလေယာဉ်ပြေးလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းဆောင်ရွက်နေမှုနှင့် လေယာဉ်ရပ်နားရန်နေရာ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းများကိုရေးဆွဲထားသည့် အချိန်ဇယားအတိုင်းဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ခရီးသည်နားနေဆောင်၊ မြန်မာမှုအနုလက်ရာများ ပြုပြင်မွမ်းမံမှု၊လေဆိပ်ရှိရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးသည် ခရီးသည်များအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း