မိုင်းယန်းမြို့၌ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မိုင်းယန်း ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပလေ့ရှိသော ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းမှစတင်၍ (ကျွဲခတ်ကွင်း) မြို့နယ်အားကစားကွင်း၌ကျင်းပရာ ရပ်နီးရပ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်သို့ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှလာရောက်ယှဉ်ပြိုင်ကြပြီး မိမိတို့ယှဉ်ပြိုင်လိုသောကျွဲများကို ကွင်းအတွင်းသို့ ခေါ်ဆောင်လာကာတစ်ကောင်နှင့်တစ်ကောင် ခေါင်းချင်းဆိုင် တိုက်ခိုက်စေပါသည်။ ပြိုင်ပွဲဝင်ကျွဲနှစ်ကောင်အား သတ်မှတ်ထားသည့်နေရာများမှ တာထွက်စေပြီး အရှိန်အဟုန်ဖြင့် တိုက်ခိုက်ဝေ့ရမ်းစေကြပါသည်။ ခွန်အားကြီးမားသည့် ကျွဲနှစ်ကောင်တိုက်ခိုက်နေရင်း သတ်မှတ်ထားသည့် ကွင်းစည်းအတွင်းမှ ထွက်ပြေးသောကျွဲအားအရှုံးအဖြစ် သတ်မှတ်၍ အနိုင်ရရှိသောကျွဲများကိုသက်ဆိုင်ရာ တာဝန်ရှိအကြီးအကဲများမှ ဆုများချီးမြှင့်ပေးခြင်း ဖြစ်သည်။ ရှမ်းရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာတွင် ကျွဲမင်းကြီး၏ရာဇဝင်မပျောက်ပျက်အောင် ကျွဲမင်းကြီးနေထိုင်သောဂူတွင် ကျွဲမင်းရုပ်တုကြီးနှင့်အတူ စေတီတစ်ဆူ ဇရပ်တစ်ဆောင်တည်ဆောက်ကာ ထိန်းသိမ်းထားရှိပြီး ကျွဲခတ်ပြိုင်ပွဲတော်ကို နှစ်စဉ်ထုံးတမ်းအစဉ်အလာအရ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်းသိရသည်။

အဆိုပါ ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်သို့ စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်အေးထွန်း၊ မိုင်းယန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပွဲဖြစ်မြောက်ရေးကော်မတီ ရပ်မိရပ်ဖများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရိုးရာဓလေ့ကျွဲခတ်ပြိုင်ပွဲတော်ကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းထူး