ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများ၌ တာဝန်ယူဆောင်ရွက်မည့် ဆရာ၊ ဆရာမများအား မဲပေးစက်နှင့်မဲရုံလုပ်ငန်းစဥ်များ သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ချမ်းအေးသာစံ  ဒီဇင်ဘာ ၂၁

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့် ဆရာ၊ ဆရာမများအား မဲပေးစက်နှင့်မဲရုံလုပ်ငန်းစဥ်များ သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဆရာ၊ဆရာမများအား ဖြည့်သွင်းရမည့်ပုံစံများ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများ၊ လာရောက်ဆန္ဒမဲပေးကြမည့် ပြည်သူများစနစ်တကျမဲပေးနိုင်စေရန်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မဲပေးစက်ကိုင်တွယ်အသုံးပြုပုံများအား ရှင်းလင်းဆောင်ရွက်နေမှုများကို မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)