ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၁

ချမ်းအေးသာစံမြို့နယ်တွင် တာဝန်ထမ်း​ဆောင်ခဲ့ကြပြီး သက်ပြည့်အငြိမ်းစားယူပြီးသွားသော မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်အဆင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “မြတ်ဆရာ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်က မြတ်ဆရာပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သက်ပြည့်အငြိမ်းစားယူပြီးသွားသော ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး အငြိမ်းစားမြို့နယ်ပညာရေးမှူး ဆရာကြီး၊ ဆရာမကြီး ၁၂ ဦးတို့အား ကျပ်တစ်သိန်းစီလည်းကောင်း၊ အငြိမ်းစားလက်ထောက်မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ စုစုပေါင်း ၉၉ ဦးတို့အား  ကျပ်ငါးသောင်းစီလည်းကောင်း ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်ပြီး အငြိမ်းစားမြို့နယ်ပညာရေးမှူး ဆရာကြီးဦးရွှေက သြဝါဒစကားပြောကြားခဲ့ကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့သည်။ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် ၁၉၈၆-၁၉၈၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)