ပုသိမ်ကြီး ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ သစ္စာအဓိဋ္ဌာန် သမိုင်းဝင်စေတီတော်မြတ်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးတော်မူခဲ့၍ ရှေးမူမပျက် ပြန်လည်တည်ဆောက်နိုင်ရေး ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဘုရားဝန်း၌ကျင်းပရာ မြို့နယ်တွင်းရှိ ပဓာနနာယက ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးဥတ္တမနှင့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြသည်။
ဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး၊ ဆရာတော်ကြီးများအမှူးပြု၍ ဥက္ကဋ္ဌ ဆရာတော်မှ ငလျင်ဒဏ်သင့်ပြီးကာလ ထီးတော်မှ ပျက်စီး၍ ရရှိလာသည့် ရတနာပစ္စည်းများကို ပြန်လည်ထည့်သွင်းအသုံးပြုရန်၊ ချို့ယွင်းချက်မရှိ ဓမ္မ/လောက ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် စေတီတော်မြတ်ကြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်တို့အား မိန့်ကြားသည်။ ထို့နောက် အောင်မြေသာစံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက သမိုင်းဝင်ရွှေစာရံ စေတီတော်မြတ်ကြီးအား နိုင်ငံတော်က ချမှတ်ထားသည့် အထင်ကရ ဘုရား၊ စေတီ၊ ပုထိုးများကို ပြုပြင်ရာတွင် လမ်းညွှန်မှာကြားသည့်အတိုင်း ရှေးမူမပျက် ပြန်လည်ပြုပြင်ပြီး၊ ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူကာ စေတီတော်မှ ရရှိသည့် ရွှေ၊ ငွေ၊ ရတနာပစ္စည်းများအား မူလရရှိထားသည့် စာရင်းဇယားနှင့်အညီ ထီးတော်မြတ်တွင် ပြန်လည်ပူဇော်နိုင်ရေး၊ ပြုပြင်မွမ်းမံရာတွင်လည်း အမြန်ဆုံးနှင့် ခိုင်ခံ့စွာပြုပြင်သွားမည်ဖြစ်ကြောင်း ဆရာတော်ကြီးများအား လျှောက်ထားတင်ပြသည်။
ဆက်လက်၍ ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော်က ယခင်ရရှိထားသည့် အလှူငွေများနှင့် ထပ်မံရရှိသည့် အလှူငွေများအား လျှောက်ထားတင်ပြပြီး၊ စေတီတော်ကြီးပျက်စီးမှုနှင့် ပြုပြင်နေမှု အခြေအနေများ၊ ပြီးစီးမှု အတိုင်းအတာများကို ဆရာတော်ကြီးများအား လျှောက်ထားတင်ပြ၍၊ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ပိတ်သိမ်းခဲ့သည်။ အဆိုပါ သမိုင်းဝင်ရွှေစာရံဘုရားကြီး၏ ငှက်မြတ်နားတော်၊ ထီးတော်တို့တွင် ဗုဒ္ဓဘာသာဝင် မည်သူမဆို ရွှေ၊ ငွေ၊ ရတနာပစ္စည်းများ လာရောက်လှူဒါန်းမှုများ ရှိသလို၊ ဆက်လက် ကုသိုလ်ပြုပါဝင်လှူဒါန်းနိုင်ကြောင်း ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော် ဖုန်း- ၀၉၄၄၄၀၃၄၂၉၉ နှင့် အလှူခံ တာဝန်ခံ ဂေါပကအဖွဲ့ ၀၉- ၄၄၁၀၃၃၇၉၁ တို့တွင် အနယ်နယ်အရပ်ရပ်မှ ဓမ္မမိတ်ဆွေများဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)