နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်သူများနှင့်အတူပါဝင်ဆင်နွှဲ၊ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၁

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီးကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအားလူထုလှုပ်ရှားအားကစားလအဖြစ်သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်းစုပေါင်းလမ်းလျှောက်ပွဲကိုပြုလုပ်လျက်ရှိပြီး ပြည်ထောင်စနယ်မြေ နေပြည်တော် ပျဉ်မနားမြို့၌လည်းဒီဇင်ဘာလူထုအားကစားလတတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းလောင်းအားကစားကွင်းရှေ့၌ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲအား ပေါင်းလောင်းအားကစားကွင်းရှေ့မှစတင်၍ ရန်ကုန်-မန္တလေးပြည်‌ ထောင်စုလမ်မကြီးအတိုင် နှင်းဆီဝိုင်းအထိ တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပေါင်းလောင်းအားကစားကွင်းစုရပ်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်မနားမြို့တွင် ဒီဇင်ဘာလ တတိယပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲကြသူများက လွန်ဆွဲ၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲစသည့် ပျော်ပွဲရွှင်ပွဲများအား တပျော်တပါးဆင်နွှဲနေမှုများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ချီးမြှင့်‌‌ငွေများ ပေးအပ်ခဲ့သည်။

အလားတူ ပြည်ထောင်စနယ်မြေ နေပြည်တော်အတွင်းရှိ ခရိုင်၊မြို့နယ်များတွင်လည်း ဒီဇင်ဘာလူထုအားကစားလ တတိယပတ်စုပေါင်းလမ်းလျှောက်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ကတပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness Dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူတွေ့ဆုံပွဲအခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ သီးနှံအရည်အသွေးကောင်းစေရန် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများ ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုး‌နိုင်ရေး၊ တစ်နစ်သုံးသီးရာသီပြည့်စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးနည်းစနစ်များကို မှန်မှန်ကန်ကန်လိုက်နာမှသာ ပန်းတိုင်အထွက်နှုန်းရရှိမှာဖြစ်‌ပါကြောင်း၊ နေပြည်တော်အတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးမြေပြင်ခြင်းများ စနစ်တကျဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စားသုံးဆီကိုလျော့ချသုံးစွဲနိုင်ရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့်တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တောင်သူများအား GYPSUM ကျောက်မှုန့်မြေဩဇာ၊ Htoo Pyae Gypsum Fertilizer၊ ရွက်ဖျန်းမြေဩဇာ၊ morning StarEM ဆေးရည်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြေပဲရိုး၊ ပြောင်းရိုးနှင့် နေကြာရိုးများဖြင့် မြေဆွေးပုံပြုလုပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကွင်းအမှတ်(၁၈၅၇)ရှိ တောင်သူ ဦးတင်လေး၏ ဆောင်းမြေပဲ(၁၀)ဧက စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်း နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ကန်းလှ-ကန်ဘေး-ကုန်းပေါ်စု-မဒေါ့ပင်-ဂုန်မင်းမြောင်-ထိန်တော-ခြင်ပင်-ဥသျှစ်လှိုင်း ရွာချင်းဆက်လမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအားကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောက်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သွားရန်၊ လမ်းပခုံးသားများ စနစ်တကျ‌ဆောင်ရွက်သွားရန်နှင့် လမ်းဘေးရေမြောင်းများ စနစ်တကျဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ တလုပ်ပင်ကျေးရွာအုပ်စု၊ ဒို့မြန်မာနွားမွေးမြူရေးခြံ၌ နွားမွေးမြူထားရှိမှုအခြေအနေအား ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နွားကောင်ရေတိုးချဲ့မွေးမြူနိုင်ရေး၊ တိရိစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးသွားရန်မှာကြားခဲ့သည်။

အ‌ဆိုပါ နွားမွေးမြူရေးခြံတွင် နိုင်ငံခြားမျိုး Angus ၂၄ ကောင်၊ ဒေသနွား ၄၃၈ ကောင် စုစုပေါင်း ၄၆၂ ကောင်မွေးမြူထားရှိပြီး နွားစာအနေဖြင့် နှံစားပြောင်း ၃၇ ဧက၊ မွန်ဘားစားမြတ် ၁၁ ဧက၊ ပြောင်း ၄ ဧက၊ နေဗီယာမြတ် ၈ ဧက စိုက်ပျိုးထားလျက်ရှိသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စနစ်တကျကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်နော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပျက်စီး၊ပျောက်ဆုံးနေ၍ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအဖွဲ့များနှင့်ညှိနှိုင်း၍ ကျန်ရှိနေသူများရှိပါက နိုင်ငံသားစိစစ်ရေးကတ်များ အမြန်ဆုံးရရှိစေရေး သက်ဆိုင်ရာဌာနများမှ လဝကနှင့်ညှိနှိုင်းဆောင်ရွက်သွားရန်ပြောကြားလိုပါကြောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များထုတ်ယူခြင်း၊ မဲရုံများသို့ဖြန့်ခွဲခြင်း၊ ပြန်လည်ပို့ဆောင်ခြင်းလုပ်ငန်းများအား အမှားအယွင်းမရှိစေရေးတာဝန်ရှိသူအဆင့်ဆင့်မှ စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက် သွားရန်ကိုလည်း ပြောကြားလိုပါကြောင်း၊ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များတွင် အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရန်အတွက် ရွေးကောက်ပွဲစနစ်တကျကျင်းပရေး၊ မဲရုံများနှင့် ဆန္ဒမဲပေးမည့်ပြည်သူများ လုံခြုံရေးအပြည့်အဝရရှိစေရေးနှင့် မြို့လုံးကျွတ်သန့်ရှင်းရေးအထူးကောင်းမွန်စေရေးဆောင်ရွက် ထားရှိရန်လည်းပြောကြားလိုပါကြောင်း၊ နိုင်ငံတကာမှလာရောက်လေ့လာနိုင်ရန်အတွက် လေ့လာရေးအစီအစဉ်ဖိတ်ကြားထားသည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ နေပြည်တော်သို့ရောက်ရှိစဉ် လမ်းကြောင်းလုံခြုံရေးနှင့် နေရာလုံခြုံရေးများကိုလည်း သက်ဆိုင်ရာဌာနများအနေဖြင့် အထူးအလေးထားဆောင်ရွက်စေလိုပါကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နယ်မြေများတွင် နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးမှုရှိစေရေး၊ အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ နယ်မြေစိုးမိုးရေးနှင့်စည်းရုံးရေးလုပ်ငန်းများ ပိုမိုခိုင်မာအောင်ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားခဲ့ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)