နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည် အစည်းအဝေးအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၂၁

နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဒေါ်မိုးမိုးသွယ်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းနာယက ဦးသန်းစိုး၊ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အမှာစကားပြောကြားရာတွင် သောက်ရေသန့်လုပ်ငန်းသည် အစားအသောက်လုပ်ငန်းဖြစ်သည့်အလျောက် သန့်ရှင်းမှုစနစ်သည် လုပ်ငန်းတိုင်းအတွက် အတိအကျလိုက်နာရမည့်အဓိကအချက်ဖြစ်၍ ကျန်းမာသန့်ရှင်း၍ အရည်အသွေးပြည့်ဝသော ထုတ်ကုန်များထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ကျန်းမာရေးကိုအခြေခံသည် အစားအသောက်ထုတ်လုပ်ခြင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှာသာနိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်များ ကျန်းမာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ရေသန့်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်များနှင့် အညီလိုက်နာဆောင်ရွက်ရန်၊ ထုတ်လုပ်မှုနည်းပညာများတိုးတက်လာရေးနှင့်ဝန်ထမ်းများ အရည်အချင်းမြင့်မားရေးအတွက် သောက်ရေသန့်လုပ်ငန်းရှင်များအသင်းအနေဖြင့်  သက်ဆိုင်ရာဦးစီးဌာနများနှင့်‌ပေါင်းစပ်ပြီး သင်တန်းများပို့ချခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းနာယက ဦးသန်းစိုးက နေပြည်တော်သောက်ရေသန့်အသင်းတည်ထောင်ခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအ‌နေများကို ရှင်းလင်းပြောကြားပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်မိုးမိုးသွယ်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှုး ဒေါက်တာပြည့်ဖြိုး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသိန်းထွန်းတို့မှ နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားခဲ့ကာ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားကိုဆက်လက်ကျင်းပရာ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမိုးကျော်မှ နှုတ်ခွန်းဆက်စကားပြောခဲ့ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက်ကူညီပံ့ပိုးပေးခဲ့သော ကုမ္ပဏီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနတာဝန်ရှိသူများက မူပိုင်ခွင့်ဆိုင်ရာများနှင့်ပတ်သတ်၍လည်း‌ကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများက အစားအသောက်ထုတ်လုပ်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသော အသင်းဝင်များမှ အထွေထွေဆွေးနွေးခြင်းများကိုလည်း‌ကောင်း ဆောင်ရွက်ခဲ့ကြပြီး နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမိုးကျော်မှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)