ထန်းတပင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနာလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက လမုတန်းကြီးကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမြို့နယ် ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း သစ်တောများက ပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊  ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများ မပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို  တက်ရောက်လာကြသည့် ကျေးရွာနေပြည်များကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာမြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)