ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃၀)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာ ပြခန်းများဖွင့်လှစ်ပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၁

ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နည်းပညာဆိုင်ရာပြခန်းများဖွင့်လှစ်ပွဲနှင့်စာတမ်းဖတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌဟောင်း ဦးအောင်မြင့်နှင့် တာဝန်ရှိများက နည်းပညာဆိုင်ရာပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခင်ကျင်းပြသထားသည့် ပြခန်းများအား ကြည့်ရှုကြသည်။

ထို့နောက် စာတမ်းဖတ်ပွဲ အခမ်းအနားကို Function Hall ၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြော ကြားသည်။

ယင်းနောက် စာတမ်းဖတ်ပွဲတွင် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်(တာဝန်) ဒေါက်တာလှမျိုးထွန်းက “သိပ္ပံနဲ့နည်းပညာစာပေများမှတဆင့် အနာဂတ်အတွက် အင်ဂျင်နီယာသိပ္ပံပညာရှင်များနှင့် အများပြည်သူတို့ပူးပေါင်းဆောင်ရွက်ခြင်း" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ဒေါက်တာဇော်နိုင်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှပါမောက္ခ၊ ဌာနမှူး ဒေါက်တာခိုင်ဝင်းဖြူက "အင်ဂျင်နီယာ 4.0;AI,စက်ရုပ်နှင့် ဒရုန်း" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ၊ ဌာနမှူးဒေါ်ယဉ်ယဉ်မြက “အင်ဂျင်နီယာလုပ်ငန်းများတွင် အမျိုးသမီးများအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် ယင်းတို့၏ အနေအထား” ခေါင်စဉ်ဖြင့်လည်ကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာမှူးကြီး ဒေါ်ခင်အေးမြင့်က " စွန့်ပစ်ရေဆိုးများကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း” ခေါင်းစဉ်တို့ဖြင့် ဖတ်ကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌက စာတမ်းဖတ်ကြားသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။

စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေး၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ဟောပြောဆွေးနွေးမည့်ပညာရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုနှစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် နှစ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သိပ္ပံနှင့် အင်ဂျင်နီယာတို့အတွက် သိကောင်းစရာများနှင့် အထောက်အကူပြုနိုင်မည့် ပြခန်းပေါင်း (၃၆) ခန်း ပါဝင်ပြသခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)