ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မှ နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန်  ဒီဇက်ဘာ ၂၁                      

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် နဝမအကြိမ်မြောက် ဒါနဥပပါရမီ စုပေါင်းသွေးလှူဒါန်းပွဲ "ကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ရှိဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီးအလှည့်ကျ သဘာပတိ ဦးအောင်မြတ်မှ သွေးလှူဒါန်းပွဲကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အမျိုးသားသွေးလှူဘဏ်မှ ဒေါက်တာသန္တာက သွေးလှူဒါန်းပွဲနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ဝန်ထမ်းများနှင့် ဘုရားဖူးလာပြည်သူများက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထို့နောက်သွေးလှူဒါန်းပွဲသို့ လာရောက်ကူညီကြသော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား စေတီတော်ဂေါပကအဖွဲ့မှ မေတ္တာငွေ ချီးမြှင့်ခြင်းများ ဆောင်ရွက်ပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဠတု'' သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ စုပေါင်းမေတ္တာသွေးလှူဒါန်းပွဲကို ၂၀၂၃ခုနှစ် ဧပြီလ  ၁ ရက်နေ့တွင် ပထမအကြိမ် စတင်ကျင်းပခဲ့ရာ အဋ္ဌမအကြိမ်မြောက်ထိ စုစုပေါင်းသွေးအိတ် (၉၂၅)အိတ်အား အမျိုးသားသွေးလှူဘဏ်သို့ ကုသိုလ်ပြုလှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)