ပုဇွန်တောင်မြို့နယ် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် (၄၂)ကြိမ်မြောက် အဘိဓမ္မာ ခုနှစ်ကျမ်းရွတ်ဖတ် ပူဇော်ပွဲအတွက် ဩဝါဒခံယူပွဲ အခမ်းအနားကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ (၄၂)ကြိမ်မြောက် အသံမစဲအဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲအတွက် ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ “နမောတဿ” မဟာပဏာမ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သြဝါဒါစရိယဆရာတော် သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ သံယုတ္တနိကာယဝိဒူ၊ မဇ္ဈိမနိကာယ ဝိဒူ၊ ဒီဃနိကာယဝိဒူ၊ အဘိဓမ္မဝိဒူ ဆရာတော်ဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြ ပြီးနောက် ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ အဂ္ဂ မဟာသဒ္ဓမ္မဇာတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒီဃဘာဏကဘွဲ့တံဆိပ်တော်ရ ပိဋကတ်(၁) ပုံအောင်၊ သာယာကုန်းပြဿဒ်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာဓဇအရှင်သူမြတ်ကြီးက သြဝါဒကထာ ချီးမြှင့်တော်မူသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပမည့် (၄၂)ကြိမ်မြောက် အဘိဓမ္မာခုနှစ်ကျမ်းရွတ်ဖတ်ပူဇော်ပွဲဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်နွယ်ထွန်းက သာသနာရေးဆိုင်ရာများကိုလည်းကောင်း၊ အတွင်းရေးမှူး ဦးကျော်စိုးက အဘိဓမ္မာခုနှစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများကိုလည်းကောင်း တင်ပြလျှောက်ထားခဲ့ပြီး ဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒချီးမြှင့်ခဲ့ကြသည်၊၊

ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအား နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေဘုန်းပွင့်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂသာမိထံမှ ရေစက်ချတရားနာယူခဲ့ကြပြီး  “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်