တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်း ၂၈ ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင်  မြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ် ၂၈ ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ် ၃ ရပ်ကွက် ငွေကြာယံပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဝင်ဆရာမ နန်းညွန့်ယဉ်ခမ်းက ၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့သဝဏ်လွှာဖတ်ကြားခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်မြကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧည့်သည်တော် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာမြင်းမူမောင်နိုင်မိုးက မုဒိတာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို ကန်တော့ချိုးဖြင့်ကန်တော့ပြီး ကန်တော့ခံများအား ကန်တော့ ပစ္စည်းနှင့်ငွေသားများ လက်ရောက်ကန်တော့ခြင်း၊ အလင်္ကာကျော်စွာဘွဲ့ရ ဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့အား ဂုဏ်ပြုခြင်း၊ ချို့တဲ့နာမကျန်း စာပေသမားများအတွက် မျှတူမျှအဖွဲ့အား ထောက်ပံ့ကူညီလှူဒါန်းသည့် အလှူငွေပေးအပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ကန်တော့ခံသက်ကြီးစာပေပညာရှင်များ၊ စာရေးဆရာဆရာမများ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ပြီး ကန်တော့ခံဆရာကြီး ဆရာစိတ်မိုးက ဩဝါဒစကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း