မိုင်းရှူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်အောင်ချက် မြင့်မားရေးဆွေးနွေးပွဲကျင်းပ

မိုင်းရှူး ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်အောင်ချက်မြင့်မားရေးဆွေးနွေးပွဲကို ယနေ့နက် (၈) နာရီအချိန်က မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ခရေဆောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က ၂၀၂၆ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူ (၁၀၀) ဦးအား အရည်အချင်းပြည့်ဝပြီး ထူးချွန်အောင်မြင်စေရန်၊ တက္ကသိုလ်ဝင်တန်းမေးခွန်းနှင့်၊ အမှတ်ပေးစည်းမျဥ်းတို့ကို ပိုမိုသဘောပေါက်နားလည်စေရန် ယခုလို ​အလုပ်ရုံဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မော်ကွင်းထိန်း ဒေါ်စုမွန်လဲ့က သင်တန်းရေးရာ၊ ပါမောက္ခ-ဌာနမှူး ဒေါက်တာမာလာဟန်က ပထဝီဝင်၊ ပါမောက္ခ-ဌာနမှူး ဒေါက်တာရီရီစန်းကဒဿနိကဗေဒ၊ ပါမောက္ခ-ဌာနမှူး ဒေါက်တာခင်မျိုးသန့်က ဥပဒေပညာ၊ ပါမောက္ခ-ဌာနမှူး ဒေါက်တာဆွေဆွေထွေးက အရှေ့တိုင်းပညာ၊ပါမောက္ခ-ဌာနမှူး ဒေါက်တာဒေါ်အေးအေးမာက ဘူမိဗေဒဘာသာစသည့် ဘာသာရပ်များအား အသီးသီး မိတ်ဆက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပါမောက္ခ၊ တွဲဘက်ပါမောက္ခမှူးများက မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ရူပဗေဒ၊ ဇီဝဗေဒနှင့်စီးပွားရေးပညာစသည့် ဘာသာရပ်များအလိုက် သင်ကြား ပို့ချခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး ၊ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ၊​တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းလူ