ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲ

စစ်တွေ ဒီဇင်ဘာ ၂၀

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ၊ Physical Fitness Dance များစုပေါင်း ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မှ ကမ်းနားလမ်း SS Food CENTRE အထိ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။

စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စတင်ဖွင့်လှစ်ပေးပြီး လမ်းလျောက်ပွဲကိုပါဝင် ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့စုရပ်မှ စတင်ကာ မေယုလမ်း၊ မင်းဘာကြီးလမ်း၊ ကျောင်းကြီးလမ်း၊ လမ်းမကြီး တြိဂံလမ်းဆုံမှ ကမ်းနားလမ်းတစ်လျောက် စုပေါင်းလမ်းလျောက်ကြပြီး SS Food CENTRE ရှေ့တွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့ စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၀၀) ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း( ပြန်/ဆက်)