တောင်ကြီး ဒီဇင်ဘာ ၂၀
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနနှင့် တောင်ကြီးအီကိုပုဂ္ဂလိက အမှိုက်နှင့်မိလ္လာ သိမ်းဆည်းရေးကုမ္ပဏီတို့၏ အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ၊ ဝန်ဆောင်ခကောက်ခံခြင်း လုပ်ငန်းများဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်ပရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ခေတ္တညွှန်ကြားရေးမှူး ဦးနေလင်း၊ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်၊ တောင်ကြီးအီကိုကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းအုန်းမြင့်နှင့်တာဝန်ရှိသူများ၊ တောင်ကြီးမြို့နေ ပြည်သူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ခေတ္တညွှန်ကြားရေးမှူး ဦးနေလင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တောင်ကြီးမြို့အတွင်း အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ၊ ဝန်ဆောင်ခ ကောက်ခံခြင်းလုပ်ငန်းများဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တောင်ကြီးအီကို အမှိုက်နှင့်မိလ္လာသိမ်းဆည်းရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းအုန်းမြင့်မှ အမှိုက်သိမ်းဆည်းရေးဝန်ဆောင်ခကောက်ခံမှုနှင့်စပ်လျဉ်း၍ ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား အကျယ်တဝံ့ရှင်းလင်းတင်ပြဆွေးနွေးပြီး အခမ်းအနားတက်ရောက်လာသည့် တောင်ကြီးမြို့နေပြည်သူများ၊ လုပ်ငန်းရှင်များက ဝန်ဆောင်ခကောက်ခံခြင်းနှုန်းထားများနှင့်စပ်လျဉ်း၍လည်းကောင်း၊ သတ်မှတ်အစီအမံများဖြင့် အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက်လည်းကောင်း ဆွေးနွေးကြသည်။
ယင်းနောက် ဆွေးနွေးမှုများအပေါ် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ခေတ္တညွှန်ကြားရေးမှူး ဦးနေလင်းနှင့် တောင်ကြီးအီကို အမှိုက်နှင့် မိလ္လာသိမ်းဆည်းရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုင်းအုန်းမြင့်တို့မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)