မိုင်းနောင်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲဆောင်ရွက်

မိုင်းနောင် ဒီဇင်ဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၌ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျေးသီးမြို့နယ် ဘာသာရပ်မိတ်ဆက်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ဖွင့်ပွဲတွင် ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်က ကျေးသီးမြို့နယ် အတွင်း ၂၀၂၆ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက် ဖြေဆိုကြမည့် ကျောင်းသား/သူ(၁၃၄)ဦးအား အရည်အချင်းပြည့်ဝပြီး ထူးထူးချွန်ချွန်အောင်မြင်စေရန်၊ တက္ကသိုလ်ဝင်တန်းမေးခွန်းနှင့်၊ အမှတ်ပေးစည်းမျဥ်းတို့ကို ပိုမိုသဘောပေါက်နားလည်စေရန်နှင့် ဖြေဆိုမည့် ဘာသာရပ်များအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်ဆိုင်ရာ တာဝန်ခံ ဆရာ/ဆရာမများက မိမိတို့ဘာသာရပ်အလိုက် ဆွေးနွေးကာ ဆွေးနွေးပွဲတက်ရောက်လာသူ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့အတွင်းရှိ အ.ထ.ကကျေးသီး၊ အ.ထ.ကမိုင်းနောင်၊ အ.ထ.ကဝမ်ဟိုင်းနှင့် အ.ထ.ကဝမ်စိမ်းတို့မှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)