ရန်ကုန် ဒီဇင်ဘာ ၂၀
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ၁၀/မြောက်ရပ်ကွက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကရင်အမျိုးသားအလံကိုလွှင့်တင်ကာအလေးပြုကြပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင်၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ဗဟို)ဂုဏ်ထူးဆောင်နာယက ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးပြီး ကရင်လူငယ်ကိုးဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို)အကြံပေး အဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလှူဒါန်းသည့် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပွဲကျင်းပရေးဦးစီးကော်မတီနှင့် မြန်မာနိုင်ငံရိုးရာ အားကစားအဖွဲ့ချုပ်ပူးပေါင်း၍ ပျော်ပွဲရွှင်ပွဲများဖြစ်ကြသည့် လက်မောင်းလှဲပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများကိုကျင်းပခဲ့သည်။ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာ ယဉ်ကျေးမှုအဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်သည့်အပြင် စားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်ဆိုင်ခန်းများဖြင့် တိုင်းရင်းသားကျေးရွာ၌ နှစ်သစ်ကူးပွဲတော်လာပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အောင်မြင့်