အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ်(၁၁၂) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၉

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၂)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးစိုးမင်းဦးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ အရည်အသွေးပြည့်ဝပြီး ယုံကြည်ချက်၊ ခံယူချက် စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လေ့ကျင့်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ရဲ့တပည့်များအား အတတ်ပညာများကို ဆရာစားမချန်မကြွင်းမကျန် အကုန်အစင်သင်ကြား ပြသရေးသာမက လိမ္မာရေးခြားရှိစေရေး၊ ဘေးအန္တရာယ်မဖြစ်စေရေး၊ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို မှန်ကန်စွာခွဲခြားနားလည်နိုင်ရေး၊ ဘဝရပ်တည်နိုင်စေရေးအတွက် မိဘသဖွယ်လမ်းမှန်ညွှန်ပြ သွန်သင်ဆုံးမပေးကြရန်လိုကြောင်း၊ အသိပညာ၊ အတတ်ပညာပြည့်စုံပြီး ထူးချွန်ထက်မြက်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာအောင် အရည်အသွေးပြည့်ဝတဲ့ ပညာတတ်အရင်းအမြစ် လူကောင်းလူတော်များ မွေးထုတ်နိုင်ကြဖို့နဲ့ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)နှင့်အညီ စောင့်ထိန်းလိုက်နာကြပြီး နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပြီး ထပ်မံအမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ သင်တန်းသား(၄၉)ဦး၊ သင်တန်းသူ(၄၄၅)ဦး၊ စုစုပေါင်း(၄၉၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၁၇-၁၁-၂၀၂၅ ရက်နေ့မှ ၁၈-၁၂-၂၀၂၅ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဥက္ကဋ္ဌ ဦးစိုးမင်းဦးသည် တက္ကသိုလ်ရှိ ပါမောက္ခချုပ်နှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခြင်း၊ ရွှေရတုပြခန်း၊ စာကြည့်တိုက်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များမှာကြားခြင်း၊ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဥ် (၁၄)မှ သင်တန်းသား၊ သင်တန်းသူများနှင့် နေ့လယ်စာသုံးဆောင်ပြီး တက္ကသိုလ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဆေးရုံသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)