မိုးညှင်း ဒီဇင်ဘာ ၁၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ ဒေသတွင်း စားသုံးဆီဖူလုံမှုရှိစေရေး တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် တောင်သူများထံသို့ နေကြာသီးနှံ မျိုးစေ့များ(အခမဲ့) ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ (၃) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတွင် ခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် နေကြာမျိုးစေ့များကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိရာ တောင်သူများအနေဖြင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် စိုက်စနစ်မှန်ကန်ရေးနှင့် အပင်ပြုစုစောင့်ရှောက်ခြင်းတို့ကို ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်သော စိုက်ပျိုးနည်းပညာရပ်များကို သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ကျေးရွာအုပ်စု (၁၅) စုမှ တောင်သူကိုယ်စားလှယ်များအား ခရိုင်/မြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆင်းရွှေကြာ (၂) နှင့် ရေဆင်းစပ်မျိုး (၁) နေကြာမျိုးများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးညှင်းမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည် အဓိကသီးနှံများ ရည်မှန်းချက်အထိ မရရှိခြင်းနှင့်စပ်လျဉ်း၍ တောင်သူများနှင့် တွေ့ဆုံမေးမြန်းကာ လိုအပ်သည့် အချက်အလက်များအား စိစစ်ကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း