ခိုလမ်မြို့ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်အသင်းတော်၌ ခရစ္စမတ်ပွဲတော်ကျင်းပ

ခိုလမ် ဒီဇင်ဘာ ၁၉

ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ပွဲတော်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမ၌ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ခရစ်ယာန်အသင်းတော်မှ သင်းအုပ်၊ ဓမ္မဆရာများ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရစ္စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းဖွင့်လှစ်ကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လူမျိုးပေါင်းစုံနှစ်ခြင်းခရစ်ယာန်အသင်းတော်၏ သိက္ခာတော်ရ ဆရာတော် ဦးကျော်အောင်က ခရစ္စမတ်သဝဏ်လွှာအား ဖတ်ကြားကြသည်။ ယင်းနောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်က ခရစ္စမတ်နေ့အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ရာ လူမျိုးပေါင်းစုံနှစ်ခြင်းခရစ်ယာန် အသင်းတော်၏ သိက္ခာတော်ရဆရာတော်က လက်ခံရယူခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များအား လူမျိုးပေါင်းစုံနှစ်ခြင်း ခရစ်ယာန်အသင်းတော်အဖွဲ့များက ခရစ္စမတ်ဆုတောင်းသီချင်းများ၊ ဓမ္မသီချင်းများနှင့် အကပဒေသာများဖြင့် ကပြဖျော်ဖြေသီဆိုခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်(ခိုလမ်၊ ပြန်/ဆက်)