ရန်ကုန် ဒီဇင်ဘာ ၁၉
ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပခဲ့သည်။
ဦးစွာ အလံတင်အခမ်းအနားအားကျင်းပခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဗဟို)ဂုဏ်ထူးဆောင်နာယက ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်ကိုးချက်တီးပြီး ကရင်လူငယ်ကိုးဦးက ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို)အကြံပေးအဖွဲ့ခေါင်းဆောင်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ဗဟို)ဂုဏ်ထူးဆောင်နာယက ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနား ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးအခမ်းအနား ကျင်းပရခြင်းနှင့်စပ်လျဉ်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ မှော်ဘီမြို့နယ်၊ ကျီးပင်ဆိပ်ကျေးရွာက ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ်၊ ကျွဲခေါင်းအင်းကျေးရွာက ကရင်ရိုးရာကြိုးကျစ်အက၊ ကွမ်းခြံကုန်းမြို့နယ် တိုက်ကြီးကျေးရွာက ကရင်ရိုးရာဒုံးအကနှင့် မှော်ဘီမြို့နယ် တလုတ်ကုန်းကျေးရွာက ကရင်ရိုးရာဒုံးအက စသည့်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ဗဟို) အကြံပေးအဖွဲ့ခေါင်းဆောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ပွဲတော်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပွဲကျင်းပရေးဦးစီးကော်မတီနှင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ ပျော်ပွဲရွှင်ပွဲများ၊ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာယဉ်ကျေးမှု အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်သည့်အပြင် စားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်ဆိုင်ခန်းများဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ နှစ်သစ်ကူးပွဲတော်လာ ပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)