မော်လမြိုင် ဒီဇင်ဘာ ၁၉
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မရှင်ရုံးခွဲဝန်ထမ်းများမှ တစ်ဦးချင်းစီမိတ်ဆက်ပြီး တာဝန်ခံညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက မိမိတို့ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၏ Video Message တွင်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရေတို၊ ရေရှည်လုပ်ငန်းစီမံချက်များဖြင့် ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း၊ ကော်မရှင်ရုံးခွဲများရှိ ဝန်ထမ်းများအနေဖြင့်လည်း အခြေခံကျောင်းများသို့ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပြီး ထိုကဲ့သို့ စိတ်ပါဝင်စားစွာ ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မရှင်အပေါ် အများပြည်သူတို့၏ ယုံကြည်အားကိုးမှု ပိုမိုရရှိနိုင်ရေးအတွက် ရုံးခွဲများသည်လည်း အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ဝန်ထမ်းများ၏ ကျင့်ဝတ်လိုက်နာစောင့်ထိန်းမှု၊ ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာမှုများသည် ကော်မရှင်အပေါ်တွင်ဖြစ်စေ နိုင်ငံတော်အပေါ်တွင်ဖြစ်စေ တာဝန်ကျေပွန်ခြင်းပင်ဖြစ်ပါကြောင်း၊ မကြာမီအချိန်တွင်ကျင်းပမည့် ရွေးကောက်ပွဲတွင်ဝန်ထမ်းများအနေဖြင့် မပျက်မကွက် ဆန္ဒမဲပေးကြရန်လိုအပ်ပါကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ တို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေးအမြင်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအမြင်ရှိသူများကို ရွေးချယ်၍ မဲပေးကြရန်လိုအပ်ကြောင်း၊ ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိ ဝန်ထမ်းများအတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံမှ လက်ခံရယူခဲ့ပြီး ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများနှင့် ကော်မရှင်ရုံးခွဲဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ နေထိုင်သည့် ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြား၍ လိုအပ်သည်များကို မှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)