တာချီလိတ်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲအခမ်းအနား ကျင်းပ

တာချီလိတ် ဒီဇင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၂) ကြိမ်မြောက် ကရင်အမျိုးသားများ စုပေါင်း၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကရင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ Happy Sence တွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ကရင်အမျိုးသားအလံအား အလံတိုင်ထိပ်သို့လွှင့်ထူကာ တက်ရောက်လာကြသူများက အလေးပြုကြပြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ် ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူး သဝဏ်လွှာကို စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်မင်းထွန်းက ဖတ်ကြားသည်။

ထို့နောက် ကရင်တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးမန်းစိန်နှင့် တွဲဘက်ဥက္ကဋ္ဌ ဆရာမဒေါ်ခင်စိန်ရွှေတို့က တာချီလိတ်တွင် ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် ကရင်အမျိုးသားစုပေါင်း နှစ်သစ်ကူးပွဲ နှစ်သစ်ကြိုနှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဆရာစောရိုးလင်းက ကရင်နှစ်သစ်ကူးပွဲ နှစ်စဉ်ကျင်းပနိုင်ရေးအတွက် အားပေးတိုက်တွန်းစကားပြောကြားသည်။

ယင်းနောက် ဆရာမဒေါ်နော်အေးအေးမူနှင့် ဒေါ်နန်းအေးဆုမွန်တို့က မြန်မာနိုင်ငံတွင် ကရင်လူမျိုးများ အဆင့်ဆင့် ဆင်းသက်လာပုံနှင့် ကရင်နှစ်သစ်ကူး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားကာ ဆရာမ ဒေါ်မျိုးဥမ္မာက ကရင်အမျိုးသားအလံ၏ အနက်အဓိပ္ပာယ်ကို အသီးသီးရှင်းလင်းပြောကြားပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက ကရင်နှစ်သစ်ကူးပွဲအတွက် ဂါရဝလက်ဆောင်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ လူငယ်မောင်မယ်များက ကရင်သက်ကြီးဝါကြီးများအား ဂါရဝပြုလက်ဆောင်များဖြင့် ပူဇော်ကန်တော့ကြပြီး တိုင်းရင်းသားယဉ်ကျေးမှုယိမ်းအဖွဲ့များက ကရင်တိုင်းရင်းသား ရိုးရာဒုံးယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)