မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေး ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာ၊ ဆရာမများ၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာနတွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်နှင့် တာဝန်ရှိသူများ၊ နည်းပြဆရာ ဆရာမများ၊ ဆောက်လုပ်ရေးကုမ္ပဏီများမှ တာဝန်ရှိသူများ၊ တည်ဆောက်ရေးလုပ်ငန်းနယ်ပယ်မှ ဆောက်လုပ်ရေးလုပ်သား သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုဘေးကင်းလုံခြုံသော အဆောက်အဦများ ဆောက်လုပ်နိုင်စေရန်နှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေလျှော့ချနိုင်သည့် အဆောက်အဦများ ဆောက်လုပ်တတ်စေရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျောင်း၏သင်ရိုးညွှန်းတမ်းများနှင့်အညီ လေ့ကျင့်သင်ကြားပေးခဲ့သည့် သင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘက်စုံ ကဏ္ဍစုံတွင် လုံလောက်သော ကျွမ်းကျင်မှုရှိသည့် လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ပါကြောင်း၊ မန္တလေးငလျင်ကြီးအလွန် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေလျော့ပါးရေးနှင့် ပိုမိုစနစ်ကျခိုင်ခံ့သော အဆောက်အဦများဖြစ်ရန်လိုအပ်လျက်ရှိပါကြောင်း၊ စာတွေ့လက်တွေ့ အချိုးကျပေါင်းစပ်သင်ကြားပေးလိုက်သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အတွေ့အကြုံများနှင့်ပေါင်းစပ်၍ နည်းစနစ် ကျနစွာဖြင့် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်က ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ သင်တန်းဆင်းလက်မှတ်များချီးမြှင့်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်ဆန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးဝင်းမင်းထွဋ်တို့က သင်တန်းသား၊ သင်တန်းသူ ၆၀ ဦးကိုယ်စား သင်တန်းသားကိုယ်စားလှယ်ထံသို့ အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)