မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌  (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား တက်ရောက်

ချောင်းဆုံ  ဒီဇင်ဘာ  ၁၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ယနေ့နံနက်ပိုင်းက  ပြည်နယ်အဆင့် (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကရင်ဝင်းစိန်ကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်သည်။

အခမ်းအနားတွင် ကရင်စာပေ နှင့်ယဉ်ကျေးမှုအသင်းနာယက ကရင်ဝင်းစိန် တောင်ပေါ်ကြီးကျောင်းဆရာတော်က ဩဝါဒမြွက်ကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်စဉ်ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျင်းပသော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်တိုင်းရင်းသားများ အမြတ်တနိုးတန်ဖိုးထားကြသော လူသိများသော ပွဲတော်တစ်ခုဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့ဘိုးဘွားများ၏ လက်ဆင့်ကမ်းအမွေဖြစ်သည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက်စေရန် ဆက်လက်ထိန်းသိမ်း သွားကြရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲသည် အမှန်ပင်အရေးကြီးသည့်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသည့်နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်ရေး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းလက်တွဲဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူးမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက ဖတ်ကြားပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို ကရင်ဘာသာ၊ မြန်မာဘာသာဖြင့် တာဝန်ရှိသူများက ဖတ်ကြားသည်။

ယင်းနောက် (၈၈)နှစ်မြောက်  ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရမှပေးအပ်သည့် ရန်ပုံငွေကျပ် သိန်း(၃၀၀)အား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ကရင်စာပေးနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီးအလှူရှင်များအား ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက် ကရင်စာပေးနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ ကရင်ဝင်းစိန်ဒုံးယိမ်းအဖွဲ့မှ ဒုံးယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)