ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသိပညာပေးလုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ၊ ဒီဇင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီက စံပြရပ်ကွက် မူလတန်းလွန်ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများသည် ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ၊ မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယ ဦးစီးမှူး ဒေါ်သဲဖြူတို့က ရှင်းလင်းပြသကြသည်။
ယင်းနောက် ကျောင်းရှေ့မြေကွက်လပ်တွင် အသိပညာပေးဟောပြောပွဲကို ကျင်းပရာ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြူက အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ကလေးအလုပ်သမား ပပျောက်ရေး အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သဲဖြူက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး များကိုလည်းကောင်း အသိပညာပေး ဟောပြောကြသည်။
ယင်းနောက် Grade-3, Grade-4, Grade-5 မှ ကျောင်းသား၊ ကျောင်းသူလေးများအား သုတ/ရသ စာအုပ်များဖြန့်ဝေ၍ စာဖတ်ဝိုင်းဖွဲ့ ဖတ်ရှုလေ့လာစေပြီး ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်စေခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)