ရန်ကုန် ဒီဇင်ဘာ ၁၉
ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒီဇင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်စောလင်း၊ လှည်းကူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ လှည်းကူးခရိုင် ပညာရေးမှူး ဦးဌေးလွင်သန်းနှင့် အ.ထ.က (အင်းတိုင်) ကျောင်းအကျိုးတော်ဆောင်ဥက္ကဌ ဦးစီဇာအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ စာအုပ်ပြပွဲများ၊ ဓာတ်ပုံပြပွဲများ၊ ဌာနဆိုင်ရာ ပြခန်းများနှင့်ကျောင်းသား၊ ကျောင်းသူများ လက်မှုပြခန်းနှင့် တီထွင်စမ်းသပ်ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ လှည်းကူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လှည်းကူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်စာစောင်များ လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာကိုပြန်လည်ပေးအပ်သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းတို့က ဖျော်ဖြေရေးအဖွဲ့များအား အမှတ်တရဂုဏ်ပြုဆုငွေနှင့် စာရေးဆရာ လင်းသိုက်ညွန့်ကို အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးစာ ပေဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ စာရေးဆရာ လင်းသိုက်ညွန့်က မင်းတရားရွှေထီးဆီမှ သင်ယူခြင်း ခေါင်းစဥ်ဖြင့် စာပေအသိပညာများကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို စာပေအသိပညာများ ဟောပြောခဲ့သည်။
၄င်းနောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်ဆက်)