ရန်ကုန် ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၇ ရက်က တွံတေးမြို့နယ်၊ တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရူ စစ်ဆေးသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် တွံတေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဇုန်ကော်မတီမှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွံတေးမွေးမြူရေးဇုန် အကွက်အမှတ်(၁၈)ရှိ ဦးအောင်လင်းဦး၏ ခြံတွင် ဘဲအကောင်ရေ (၇၀၀၀) မွေးမြူထားရှိမှု၊ အကွက်အမှတ်(၁၉)ရှိ ဦးစောနေလင်းအောင်၏ ခြံတွင် အသားတိုးဝက်(၇၀)ကောင် မွေးမြူထားရှိမှု၊ အကွက်အမှတ်(၁၃)ရှိ ဦးဇာရား၏ ခြံတွင် ဥစားဘဲအကောင်ရေ (၃၅၀၀)နှင့် ကြက်ဆင် အကောင်ရေ(၇၀) မွေးမြူထားရှိမှု၊ ဇုန်အတွင်း အစာစက်ရုံ တည်ဆောက်ပြီးစီးမှုနှင့် ကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ အကွက်အမှတ်(၁)ရှိ ဒေါ်ဆုမြတ်သောင်း၏ခြံတွင် ဥစားကြက် အကောင်ရေ(၂၀၀၀) မွေးမြူထားရှိမှုနှင့် တိရစ္ဆာန် အစာပင်များ စိုက်ပျိုးထားရှိမှု၊ အကွက်အမှတ်(၆)ရှိ ဦးဇော်ဝင်းဌေး၏ခြံတွင် ဥစားကြက် အကောင်ရေ(၅၀၀၀) မွေးမြူထားရှိမှု၊ အကွက်အမှတ်(၅)ရှိ ဦးမြင့်နိုင်၏ ခြံတွင် ငုံးအကောင်ရေ(၃၅၀၀၀) မွေးမြူထားရှိမှု၊ အကွက်အမှတ်(၄)ရှိ ဦးကျော်သူစိန် BOSS နို့စားနွားမွေးမြူရေးခြံတွင် နို့စားနွား အကောင်ရေ(၄၇)ကောင် မွေးမြူထားရှိမှု၊ အကွက်အမှတ်(၃၇)ရှိ ဦးလှရွှေ၏ ခြံတွင်ဒေသနွား အကောင်ရေ (၃၂)ကောင် မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးအတွက် တိုးချဲ့မွေးမြူကြရန်နှင့် တိရစ္ဆာန်အစာပင်များတိုးချဲ့စိုက်ပျိုးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)