ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက် ကြည့်ရှုစစ်ဆေး၊ နေရပ်စွန့်ခွာ ပြည်သူများအတွက်  စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ် 

စစ်တွေ      ဒီဇင်ဘာ  ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူသုံးကုန်ပစ္စည်းများရောက်ရှိလာမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ သီရိမင်္ဂလာရေကန်တော်အား ကန်ဘောင်ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ  ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ကန်ပေါင်ပြုပြင်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်သွားကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စစ်တွေမြို့သို့ သင်္ဘောများဖြင့် တည်ဆောက်ရေးသုံးပစ္စည်းများ ဆန်နှင့်အခြေခံစားသောက် ကုန်ပစ္စည်းများ ရောက်ရှိ လာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့သွားရောက် ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမ်ဗွီ ရဲထွန်းအောင်(၂)၊  အမ်ဗွီအောင်ရတနာ င်္ဘောနှင့် အမ်ဗွီရွှေသရဖူ သင်္ဘောပေါ်မှ ဆန်နှင့်အခြေခံစားသောက် ကုန်ပစ္စည်းများကို ကုန်တင်ကုန်ချပြုလုပ်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း သို့သွားရောက်ပြီး အမ်ဗွီ Sun Shine သင်္ဘောပေါ်မှ အခြေခံ စားသောက်ကုန်ပစ္စည်းများ၊ တည်ဆောက်ရေးသုံးပစ္စည်းများအား လူအင်အား၊ စက်ယန္တရား အင်အားများအသုံးပြုကာ ကုန်တင်ကုန်ချပြုလုပ်နေမှု အား ကြည့်ရှုစစ်ဆေးကြသည်။

စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော     အမ်ဗွီသင်္ဂဇာင်္ဘောတွင် တည်‌ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း စုစုပေါင်းတန်ချိန် ၂၄၂၄ တန်တင်ဆောင်၍  လည်းကောင်း၊ အမ်ဗွီ ရဲထွန်းအောင်(၂)င်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်း တန်ချိန် ၉၆၅ ဒသမ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီ အောင်ရတနာင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ စုစုပေါင်း တန်ချိန် ၆၈၂ ဒသမ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီ ရွှေသရဖူင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ စုစုပေါင်း တန်ချိန် ၁၄၆၅ တန်တင်ဆောင်၍ လည်းကောင်း၊ အမ်ဗွီ Sun Shine သင်္ဘောပေါ်မှ အခြေခံ စားသောက်ကုန် ပစ္စည်းများနှင့် တည်ဆောက်ရေးသုံးပစ္စည်းများ ၃၄၀၆ ဒသမ ၇ တန်ဆောင်၍ လည်းကောင်း စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် စစ်တွေမြို့၊ နာရီစင်(အဟောင်း) ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအခြေအနေအား သွားရောက်ကြည့်ရှုကြပြီး ခိုင်သဇင် ခန်းမ၌ကျင်းပသော နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက နေရပ်စွန့်ခွာပြည်သူများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ (၁၂၇၅၅) ဦးအား စတုတ္ထအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃)လ စာအတွက် ထောက်ပံ့သည့် ငွေကျပ်(၇၆၅ ဒသမ ၃၀၀ )သန်းကို  ပေးအပ်ခြင်း အခမ်းအနားဖြစ်ကြောင်း၊  ရခိုင်ပြည်အစိုးရအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ ယနေ့အထိ စစ်တွေမြို့နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၈၃၆၉) အိတ်နှင့် (၁၉)ပြည်ပါ ဆန်အိတ် (၁၇၃၂၃) အိတ်၊ ကျောက်ဖြူမြို့နယ် နေရပ်စွန့်ခွာပြည်သူများအတွက် (၂၄)ပြည်ပါ ဆန်အိတ် (၆၀၀၀) အိတ် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစုရပ်(၅၄) ခုမှ ကျောင်းသား၊ ကျောင်းသူများ မိုးရာသီတွင် အသုံးပြုရန်အတွက် အခြေခံပညာအဆင့်နှင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၇၆) ဦးတို့အား တစ်ဦးလျှင်ထီး(၁)လက် နှုန်းဖြင့် ငွေကျပ် ၁၈၀ ကျော်ဖိုး ဝယ်ယူထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာ စုရပ်(၅၄) ခုတွင် ရောက်ရှိ နေသော မိဘပြည်သူများ လုံခြုံစိတ်အေး ချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် လူနေဆောင် (၂၀) ဆောင်၊ စားချက်ဆောင်(၂၈) ဆောင်၊ အိမ်သာ(၂၇)လုံး၊ လုံခြုံရေးမီး (၁၃၅)လုံး၊ ရေတွန်းလှည်း(၄၂)စီးတို့အား စီစဉ်ဆောင်ရွက် ပေးထားပြီးဖြစ်ကြောင်း၊ မိဘပြည်သူများ၏ သား၊ သမီးများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေး အတွက် နီးစပ်ရာကျောင်းများတွင် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် သား၊ သမီးများပညာရေးဆုံးခန်းတိုင်အောင် တက်ရောက်ပြီးစီးရေးအတွက် တိုက်တွန်းပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ အလားတူ ဝါတွင်းကာလတွင် နေရပ်စွန့်ခွာပြည်သူများကောင်းမှု ကုသိုလ်ပြု လုပ်နိုင်ရေးအတွက် ယာယီနေရပ်စွန့်ခွာစုရပ်(၅၄) ခုရှိ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် ဝါဆိုသင်္ကန်းတစ်စုံနှင့် နဝကမ္မအလှူငွေ(၂)သိန်း ဆက်ကပ်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် ၁၆၂ သိန်းအား ထောက်ပံ့ပေးခဲ့ ကြောင်း၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများအား (၃) လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၆၀၀၀၀ နှုန်းဖြင့် ထောက်ပံ့နိုင်ရေးအတွက် မြို့နယ်များသို့ လွှဲပြောင်းပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူ များလက်ဝယ်သို့ အမြန်ဆုံးရောက်ရှိအောင် သွားရောက်ထောက်ပံ့သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာ ပြည်သူများကို ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ စစ်တွေမြို့နယ် စိုက်ပျိုးရေးမျိုးသန့်ခြံ လယ်ယာမြေအား စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသည့် ပြည်နယ်ဖြစ်သည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် စက်မှုလယ်ယာစနစ်သို့ကူးပြောင်းရေး အဓိကအလေးအနက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ကိရိယာများအသုံးပြုခြင်းဖြင့် လုပ်အားခနှင့် စိုက်စရိတ်သက်သာစေပြီး ဝင်ငွေတိုးတက်လာစေရန်၊ ရှားပါးလာသော လုပ်သားအရင်းအမြစ်များနေရာတွင် စက်ကိရိယာများ အစားထိုးဝင်ရောက်နေရာယူရန်၊ ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုကာကွယ်၍ အချိန်အခါမီ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းနိုင်ရန်၊ အလေအလွင့်နည်းပါးစွာဖြင့်  စိုက်ပျိုးရိတ်သိမ်း၍ အရည်အသွေးကောင်းမွန်သော သီးနှံများရရှိလာပြီး တောင်သူများ ဝင်ငွေတိုးတက်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း၊ စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်းဖြင့် စက်မှုလယ်ယာသို့ ပြောင်းလဲသည့်အခါ အဓိကအခြေခံအချက်ဖြစ်သည့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းဖွံ့ဖြိုးတိုးတက် ပေါ်ထွန်းလာစေဖို့နှင့် လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ပြီး တစ်ဆက်တည်းထွန်ယက် စိုက်ပျိုးနိုင်မည့် လယ်ကွင်းကျယ်များ ပေါ်ထွန်းလာစေရေးအတွက် လယ်ယာမြေကွက်ဖော်ထုတ်ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်းစက်မှုလယ်ယစနစ်ကျ လယ်မြေများဖော်ထုတ်ပြီး လယ်ကွင်းများကိုလည်း ရေရှည်အကျိုးရှိ အောင် ထိန်းသိမ်းဆောင်ရွက်၊ တောင်သူများကိုလည်း ကွင်းသရုပ်ပြပွဲများဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စိုက်ပျိုးရေးမျိုးသန့်ခြံလယ်မြေများအား စက်မှုလယ်ယာစနစ်ကျ လယ်မြေဖော်ထုတ်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး