ပုသိမ်ကြီး ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ကအဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေစေရန် သင်တန်းများဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ကြပြီး၊ သင်တန်းနည်းပြများအား မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးက အမှတ်တရလက်ဆောင်ပေးအပ်ခဲ့သည်။
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာဦးနှင့် အပ်ချုပ်စက်သင်တန်းနည်းပြများ၊ သင်တန်းသူများ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသူ (၂၀)ဦးအား နိုဝင်ဘာ (၄)ရက်နေ့မှ ဒီဇင်ဘာ (၁၈)ရက်နေ့ထိ (၄၅)ရက်ကြာ စာတွေ့လက်တွေ့ဖြင့် ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)