ငါန်းဇွန်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ငါန်းဇွန် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာပြည်သူများအား ယနေ့နံနက် ၉နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် လူတစ်ဦးလျှင် တစ်လငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) သုံးလစာအတွက် ကျပ် ၆၀၀၀၀ စီအား မြို့နယ်သမဝါယမဦးစီးဌာနရုံး၊ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်ရှိ လောကချမ်းသာဓမ္မာရုံတို့တွင် စိစစ်ထုတ်ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)