မူဆယ်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်/မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အမှတ်(၁၇)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးတင်ပြကြပြီး၊ လူကုန်ကူးမှုပပျောက်ရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်နှင့် ပူးပေါင်းပါဝင်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းနောက် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)