ညောင်ဦး ဒီဇင်ဘာ ၁၈
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက်၊နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊ ပန်းမျိုးတစ်ရာခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အရာရှိ ဦးနေမျိုးဝင်းက သရုပ်ပြ မဲပေးခြင်းနှင့်ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းပြောကြားသည်။ ပြီးနောက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူ များက မဲရလဒ်များအား ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းများကို သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်အခမ်းအနားသို့ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများတက် ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း