မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် လေးနှစ်သင်ပညာရေး ဒီဂရီကောလိပ် ပထမနှစ်တို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၁၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမနှစ်)မောင်မယ်သစ်လွင်များကြိုဆိုပွဲကို အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ‌မော်လမြိုင်ပညာ‌ရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မော်လမြိုင်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်ကြားရေး ဆရာ ၊ ဆရာမများ ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူများက ဒို့ကျောင်းတော်၏ အနာဂတ်ကြယ်ပွင့်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မီရေးတို့အတွက် ပညာရေးဟာ အခြေခံကျတဲ့အုတ်မြစ်ပဲဖြစ်ပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်လွင်မောင်မယ်များအနေဖြင့် တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာ စုပေါင်းနေထိုင်ရင်း ဆရာကောင်း ဆရာမွန်များ ဖြစ်လာစေရေးအတွက် ဤကျောင်းက သင်ကြားပို့ချချက်များကို နာခံသင်ယူမှတ်သားပြီး နိုင်ငံ့အနာဂတ်သားကောင်း ရတနာများကို လက်ဆင့်ကမ်းမျှဝေနိုင်သူများဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ၏ “ တူနှစ်သွယ် " သီချင်းဖြင့် ကပြဖျော်‌ဖြေခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက၂၀၂၄/ ၂၀၂၅ ပညာသင်နှစ်၊ ပထမ၊ ဒုတိယနှင့် တတိယနှစ်သင်တန်းတို့တွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ အားကစားနည်းအလိုက် ထူးချွန်ဆုရရှိသူများအား လည်းကောင်း၊ အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင်ဆုရရှိခဲ့သူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ဆံကေသာအလှပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က King & Queen ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊ သင်တန်းသူများက “ ပြည်ထောင်စုကြီး ဒို့ရဲ့မြန်မာ " သီချင်းဖြင့် ကပြဖျော်ဖြေ၍ ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)