မြစ်သားမြို့နယ်တွင်စိုက်ပျိုးထားသည့် ရေမွှေးပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မြစ်သား ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းစိန်စျေးကျေးရွာအုပ်စု တကိုယ်တည်း ကွင်းအမှတ် ၄၈၆ ကွင်း၌ ရေမွှေးပန်းစိုက်၍ မိသားစု တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများ အဆင်ပြေလျက်ရှိ​ကြောင်း သိရသည်။

မြစ်သားမြို့နယ် ကင်းစိန်စျေးကျေးရွာအုပ်စုမှတောင်သူများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကြပြီး ရေမွှေးပန်းစိုက်ပျိုးရာတွင် နွေ၊ မိုး၊ ဆောင်းရာသီမရွေးရေလောင်း စိုက်ပျိုးနိုင်ကာ ရေမွှေးပန်းများ စိုက်မည်ဆိုပါက ထယ်ရေးကို ညက်နေအောင်ထွန်ယက်ပြီး ဘောင်ကလေးများပြုလုပ်ကာ တောင်မြောက်ကြိုးတန်းပြီး တစ်ပင်နှင့်တစ်ပင် တစ်ပေခွာ၍ ပျိုးပင်စိုက်ပျိုးရကြောင်း သိရသည်။ စိုက်ပျိုးချိန်တွင်  မြေဆီမြေသြဇာကိုလည်း အပြင်ကဝယ်ယူစရာမလိုဘဲ မိမိတို့အိမ်တွင် မွေးမြူထားသော နွားချေး၊ ကြက်ချေး၊ မန်းကျည်းရွက်မြေဆွေးများဖြင့် ရောစပ်စိုက်ပျိုးနိုင်ကြောင်း၊ ရေသွင်းထားရှိရပြီးနောက်  ၁၅ ရက်ကြာလျှင် ရေလျှော့ကာ ပေါင်းသင်မြေဆီကျွေးပြီး ၂၀ ရက်ကြာသည့် အခါ အဖူး၊ အပွင့်များဝေဆာလာလျှင် ချိုးယူရောင်းချရကြောင်းသိရသည်။

 ယခုအခါ ရေမွှေးပန်းများ၏တစ်နေ့ရောင်းရသော ငွေပမာဏမှာ နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ထိရရှိပြီး စိုက်ခင်းသို့ လာရောက်ဝယ်ယူကြကြောင်း ကင်းစိန်စျေးကျေးရွာနေ ရေမွှေးပန်း စိုက်ပျိုးသူ ဦးဗိုလ်ဟိန်းထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)