သာစည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ရရှိစေရန်နှင့်ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဒီဇင်ဘာ ၁၇ ရက်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကျောင်းအုပ်ကြီးဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းကကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့်ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေး အသိပညာပေးဟောပြောသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းက ဦးဆောင်၍ လူငယ်စကားဝိုင်းကို စတင်ရာ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူလေးများက အဆိုပါခေါင်းစဉ်များနှင့်ပတ်သက်၍ မိမိတို့အတွေးအမြင်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့် ဓာတ်ပုံများ၊ သုတရသစာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)