သာစည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အလွတ်တန်း(အမျိုးသား)ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက်ညနေက ရွာပုလဲကြီးကျေးရွာ(က)အသင်းနှင့်လှိုင်းတက် ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကြရာ ရွာပုလဲကြီး(က)အသင်းက သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်း ၁၄ သင်း ပါဝင်ပြီး အုပ်စုလေးစုခွဲကာ အုပ်စုပတ်လည်အဆင့်၊ ရှုံးထွက်အဆင့်၊ အကြိုဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဗိုလ်လုပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲမှ ပထမရရှိသော အသင်းအား ဆုငွေရှစ်သိန်းကျပ်၊ ဆုဖလားနှင့်ရွှေတံဆိပ် ဆွဲပြား၊ ဒုတိယရရှိသောအသင်းအား ဆုငွေ ငါးသိန်းကျပ်နှင့်ငွေတံဆိပ်ဆွဲပြား၊ နေရာအလိုက် အကောင်းဆုံးဆုများကို (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်း နည်းစနစ်မှူး ဦးဟိန်းဇာထွန်းထံက သိရသည်။
ထွန်းထွန်း(သာစည်)