မိတ္ထီလာမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ ၁၀ မျိုးနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်တမ်းများ ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ ၁၀ မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရာများ မြေပြင်ကွင်းဆင်းစစ်တမ်းများကောက်ယူခြင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်နိုင်အေးက ကြီးကြပ်ပြီး ဒုတိယဦးစီမှူးများက ဦးဆောင်၍ စိုက်ပျိုးရေးဝန်ထမ်းများက အုပ်စုများခွဲ၍ မြို့နယ်အတွင်းကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူ ၁၆၀၀ ဦးအား ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ ၁၀ မျိူးတို့အား အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြည့်ပြည့်စုံစုံမရခြင်း/မျိုးမကောင်းခြင်း၊ မြေပြုပြင်မှုအားနည်းခြင်း/မြေပြုပြင်မှု လိုအပ်ခြင်း၊ လိုအပ်သည့်သဘာဝမြေသြဇာ/ဓာတ်မြေသြဇာ ပြည့်ပြည့်ဝဝ မထည့်သွင်းနိုင်ခြင်း/ငွေကြေးမတက်နိုင်ခြင်း၊ မိုးကောင်းရေသောက် မိုးရေလုံလောက်စွာမရရှိခြင်း/ စိုက်ပျိုးရေလုံလောက်စွာ မရရှိခြင်း၊ အောင်ရေမရရှိခြင်း/မလုံလောက်ခြင်း၊ လုပ်သား အခက်အခဲရှိခြင်း/ ငှားရမ်းခစျေးကြီးခြင်း၊ ကောက်ကွက်ပြည့်မီအောင် မစိုက်နိုင်ခြင်း/ပင်ကြားတန်းကြာအပြည့်မစိုက်နိုင်ခြင်းတို့ကို မြေပြင်ကွင်းဆင်း မေးမြန်း၍ စစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။ 

 သိန်းမြင့်ကျော်(မိတ္ထီလာ)