ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပန္နက်တော်တင်မင်္ဂလာအခမ်းအနားနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၈

ရခိုင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အဆောက်အဦးတည်ဆောက်ရန်အတွက် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အဆောက်အဦတည်ဆောက်ရေး ရှင်းလင်းဆောင်၌ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်းရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ ဓမ္မာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ ပန္နက်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စစ်တွေမြို့၊ အောင်မြေကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရ မထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြသည်။

ထို့နောက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ပြုလုပ်ရန်အတွက် သံဃာတော်အရှင်သူမြတ်များ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး ပန္နက်တော်တင်ကြသည်။ ဆက်လက်၍  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက် တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်စဉ်နိုဝင်ဘာ (၂၅) ရက်နေ့မှ ဒီဇင်ဘာ (၁၀) ရက်နေ့အထိ ကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆) ရက်တာ လှုပ်ရှားမှုကာလဖြစ်ကြောင်း၊ ကျား၊ မဖြစ်ခြင်းကို အခြေခံပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများ ပပျောက်ရန်အတွက် ၁၉၉၁ ခုနှစ်တွင်   ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးခေါင်းဆောင်မှုဗဟိုဌာန (Center for Women’s Global Leadership) က နိုင်ငံတကာလှုပ်ရှားမှုအသွင်ဖြင့် (၁၆) ရက်တာလှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ အမျိုးသမီးများနှင့်အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုများထဲက တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် လုပ်ငန်းခွင်များတွင်လည်းကောင်း Online များမှ လည်းကောင်း မတူညီသော ဝန်းကျင်နေရာဒေသအလိုက် တိုးပွားလျက်ရှိကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မိမိတို့အားလုံးအတူတကွစုပေါင်းပြီး တားဆီးကာကွယ်၍ ရနိုင်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက် ခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်စေသည့်အပြင် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေကြောင်း၊ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသော အမျိုးသမီးများသည် ပုံစံမျိုးစုံသော အကြမ်းဖက်မှုများကို ကြုံတွေ့နေရမည်ဆိုလျင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာနှောင့်နှေးစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်မကရှိသော အမျိုးသမီးထုကြီး၏ အခွင့်အရေးကို ဖော်ထုတ်ပေးခြင်း၊ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို မြှင့်တင်ပေးပြီး အသိအမှတ်ပြုပေးခြင်းနှင့် မိန်းကလေးငယ်များနှင့်အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲအတားအဆီးများကို ကြိုတင်ဖြေရှင်းပေးခြင်းများသည် တစ်နည်းအားဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသအဆင့်များမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီမှုများကို အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံတော်အဆင့်မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ဒေသဆိုင်ရာ အမျိုးသမီးကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများစီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများ ယာယီလုံခြုံရေးလိုအပ်ပါက ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်၊ မုံရွာနှင့် စစ်တွေ၊ စုစုပေါင်း (၇) မြို့တွင် (One Stop Women Support Center-OSWSC) များကိုဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုဆိုင်ရာလမ်းညွှန်ချက် Guideline ချမှတ်ကာ ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုနှင့် စပ်လျဉ်းပြီး ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း လုပ်ငန်းစဉ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်အချိန်အတွင်းတွင် လိုအပ်သောဝန်ဆောင်မှုများ လွယ်လင့်တကူ လက်လှမ်းမီရရှိနိုင်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပါဝင်ခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကို ဦးတည်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ဗီဒီယိုအားပြသသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)