နမ့်စန်(တ) ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် မြို့နယ်နှင့်ဝေးလံသည့် ကျေးရွာအုပ်စုများရှိ သတ်မှတ်မဲရုံနေရာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နံနက် ၁၀ နာရီကစတင်၍ နမ့်စန်မြို့နယ် ပိန်းဆယ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာအုပ်စုနှင့် ဟိုင်းနားကြီး ကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲဆောင်ရွက်မည့် သတ်မှတ်မဲရုံနေရာများသို့ သွားရောက်၍ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံကာ မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး၊ မဲရုံပရဝုဏ်သတ်မှတ်ရေး၊ မဲရုံအတွင်း လွှတ်တော်(၃)ရပ်နှင့်တိုင်းရင်းသားလူမျိုးစု လွှတ်တော်ဆန္ဒမဲပေးခန်းများ သတ်မှတ်လမ်းညွှန်ချက်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲနေ့ရက်တွင် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံတာဝန်ကို ကြိုတင်ထမ်းဆောင်ကြမည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် ကြေညာသည့် မဲစာရင်းအရ နမ့်စန်မြို့နယ်အနေဖြင့် ခိုလမ်မြို့အပါအဝင် ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၂၀)တို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းဦးရေ ၈၄၉၁၁ ကျော်ရှိပြီး လျာထားမဲရုံပေါင်း (၇၈)ရုံရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)