ရန်ကုန် ဒီဇင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်စွမ်းရည်ပြပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်၊ ပညာ့အားမာန်ခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်ဩဝါဒအမှာစကားပြောကြားရာတွင် ဆရာများထားရှိရမည့်ခံယူချက်များကို လိုက်နာကျင့်သုံးပြီး “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ အနာဂတ်တွင် ဆရာ၊ ဆရာမများအဖြစ် ထူးချွန်ထက်မြက်သည့် နိုင်ငံသားကောင်း ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးမည့် မောင်တို့၊ မယ်တို့အနေဖြင့် ဆရာအတတ်ပညာများကို လေးနှစ်တာကာလတွင် အပတ်တကုတ်ကြိုးစားသင်ယူပြီး နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြက်လိမ္မာယဉ်ကျေးသော အနာဂတ်သားကောင်းရတနာများအဖြစ် ပျိုးထောင်နိုင်သည့် ဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြရန်စသည်တို့ကို ပြောကြားသည်။ ထို့နောက် လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် လှည်းကူးပညာရေး ဒီဂရီကောလိပ်မှ ပထမနှစ်(ပထမနှစ်ဝက်) မောင်သစ်လွင်၊ မယ်သစ်လွင်များက ကိုယ်ဟန်အလှ စွမ်းရည်ပြသခြင်းဖြင့်လည်းကောင်း၊ အာရှမြန်မာ Fitness Dance သီချင်းဖြင့် ကာယစွမ်းရည်သရုပ်ပြဖျော်ဖြေခြင်းဖြင့် လည်းကောင်း၊ အမျိုးသားစာပေ၊ ယဉ်ကျေးမှုအမွေသီချင်းနှင့် ထံတျာတေရှင်သင်ရိုးဝင် မဟာဂီတတေးသီချင်းတို့ဖြင့် ဂီတစွမ်းရည်ပြသခြင်းဖြင့်လည်းကောင်း၊ ခေတ်ခြောက်ခေတ်အကနှင့် ဝတ်စားဆင်ယင်မှုကို သရုပ်ဖော်ပြသခြင်းဖြင့်လည်းကောင်း၊ Come to Myanmar The Golden Land သီချင်းဖြင့် အင်္ဂလိပ်စာစွမ်းရည် ဖော်ထုတ်ပြသခြင်းဖြင့်လည်းကောင်း၊ တက္ကသိုလ်ဒီဂရီကောလိပ်ပေါင်းစုံ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် တတိယဆုရရှိသည့် စတုတ္ထနှစ်မှ ကျောင်းသူ မကျော့ကျော့လွင်က မြန်မာ့ယဉ်ကျေးမှု အမျိုးသမီး ဝတ်စားဆင်ယင်မှုဆိုင်ရာ နှုတ်မှုစွမ်းရည်ကို ဖော်ပြခြင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က လက်ခံရယူပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က ဘာသာရပ်စွမ်းရည်ပြခန်းများဖြစ်သည့် ပညာရေး၊ သိပ္ပံ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ၊ ပန်းချီ၊ အိမ်တွင်းမှု၊ စက်မှု၊ စိုက်ပျိုးရေးဘာသာရပ်များ၏ စွမ်းရည်ပြပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)